Thursday, June 7, 2012

‘သိခွင့်မရှိသည့် စီမံကိန်း’ (အစီရင်ခံစာ)

ထားဝယ် အထူးစီးပွားရေးဇုံမှ ဒေသခံပြည်သူများ၏ အသံကို စုစည်းထားသည့် အစီရင်ခ
  • ထားဝယ်စီမံကိန်း စောင့်ကြည့်လေ့လာရေးအဖွဲ့

ထားဝယ်စီမံကိန်း စောင့်ကြည့်လေ့လာရေးအဖွဲ့ကို မြန်မာနိုင်ငံတောင်ပိုင်းဒေသ ထားဝယ်ဒေသရှိ နယ်မြေခံ လူထုအခြေပြု လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသူများနှင့် လူအခွင့်အရေး လှုပ်ရှားသူများနှင့် ဖွဲ့စည်းထားပါသည်။  မွန်၊ ကရင်နှင့် ထားဝယ်တိုင်းရင်းသားများ ပါဝင်သည့် ထားဝယ်စီမံကိန်းစောင့်ကြည့်လေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်များသည် ရပ်ရွာဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်း နှင့် လူ့အခွင့်အရေးဆိုင်ရာ အချက်အလက်ကောက်ယူစုဆောင်းရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသူများ ဖြစ်သည်။[Download PDF Version of DaWei Profect(Burmese)

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဒေသစီမံကိန်းဖော်ဆောင်နေသည့် နေရာအတွင်း မှီတင်းနေထိုင်နေကြသည့် တိုင်းရင်းသားပြည်သူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရေးနှင့် တရားမျှတရေးတို့  အတွက် အဖွဲ့အနေဖြင့် အချက်အလက်စုဆောင်းနေပါသည်။
  • အဖွဲ့၏ အဓိကပန်းတိုင်  
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဒေသဖွံ့ဖြိုးရေးလုပ်ငန်းအခြေအနေများကို မပြတ်လေ့လာစောင့်ကြည့်သွားပြီး ဌာနေတိုင်းရင်းသားပြည်သူများအတွက် တရားမျှတမှုများအတွက် ဆောင်ရွက်သွားရန်
  • ရည်ရွယ်ချက်များ -
·        ၁၊၊  ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဒေသတည်ဆောက်ရေးလုပ်ငန်းများ၏ အခြေအနေအရပ်ရပ်အပေါ် အချက်အလက်များမျှဝေခြင်းဖြင့် လူထုအတွင်းပညာပေးသွားရန်

·        ၂၊၊  ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဒေသ တည်ဆောက်ရေးလုပ်ငန်းများ၏ အကျိုး၊ အပြစ်များသိရှိရန် ဌာနေတိုင်းရင်းသားပြည်သူများ၏ သဘောထားအမြင်များအား အစဉ်မပြတ် စုဆောင်းသွားရန်  - တို့ ဖြစ်သည်။

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဒေသစီမံကိန်း၏ နောက်ခံသမိုင်းကြောင်း
တနင်္သာရီဒေသကြီး ထားဝယ်မြို့ နယ်ရှိ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးနှင့် အထူးစီးပွားရေးဒေသ အကောင်အထည်ဖေါ်ရေးစီမံချက်များ ဆောင်ရွက်ရန်အလို့ငှာ ၂၀၀၈ ခုနှစ် မေလ ၁၉ ရက်နေ့တွင် မြန်မာအစိုးရနှင့် ထိုင်းအစိုးရအကြားနားလည်မှု စာချွန်လွှာတရပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ထိုနားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံအစိုးရသာမက စီမံကိန်းတွင် ပါဝင်မည့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှလည်း ပါဝင်လက်မှတ်ရေးထိုးသဘောတူညီခဲ့ကြသည်။ အဆိုပါ နှစ်နိုင်ငံ သဘောတူနားလည်မှု စာချွန်လွှာပါ သဘောတူညီချက်များအရ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဒေသအကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်တွင် အဓိကဖြစ်သည့် တည်ဆောက်ရေးလုပ်ငန်းစဉ်များအားလုံးကို အီတာလျံထိုင်းဟု ခေါ်သည့် ထိုင်းအခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီကြီးမှ လက်ဝါးကြီးအုပ် အကောင်အထယ်ဖော်သွားရန် ဖြစ်သည်။ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဒေသများအကောင်အထည်ဖော်မည့် ဒေသရှိ ဌာနေပြည်သူအများစုမှာ မိမိတို့ပိုင်ဆိုင်သည့် မြေယာများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများဖြင့် တနိုင်တပိုင် အသက်မွေးဝမ်းကျောင်းသူများ ဖြစ်ကြပြီး အခြားနည်းလမ်းဖြင့် ၀မ်းကျောင်းနိုင်ရန် အခွင့်အလမ်းနှင့် အရင်းအနှီးများ ပိုင်ဆိုင်သူများ မဟုတ်ကြပေ။ ဌာနေတိုင်းရင်းသားပြည်သူများအနေဖြင့် လက်ရှိလုပ်ကိုင်စားသောက်နေသည့် မြေနေရာများအား စီမံကိန်းတည်ဆောက်ရေးအတွက် ရွှေ့ ပြောင်းပေးရမည်ဟု အမိန့်ကျလာပါက မည်သူက နေရာသစ်အတွက် စီစဉ်ပေးမည်၊ မည်သည့်အဖွဲ့အစည်းက ဆုံးရှုံးသွားရမည့် မြေပမာဏများအား ပေးလျော်ပေးမည်ဆိုသည့် အချက်အလက်များကို မည်သူမျှ မသိရှိကြချေ။ သိမ်းဆည်းသွားမည့် မိမိတို့၏ မြေယာများအတွက် လျော်ကြေးငွေများ ပေးခဲ့လျှင်ပင် မည်မျှထိုက်တန်သည်၊ မည်မျှပေးလျော်သင့်သည်ဆိုသည့် အဆိုပြုချက်များ၊ ရပိုင်ခွင့်ဆိုင်ရာတောင်းခံချက်များကို သိရှိသူ အလွန်ပင်နည်းပါးနေသည်။ လက်ရှိအနေအထားအရ ထားဝယ်စီမံကိန်း အကောင်အထည် ဇုံဒေသ စတုရန်းမီတာ ၂၅၀ သို့မဟုတ် စတုရန်းမိုင် ၉၇ မိုင်အတွင်းတည်ရှိနေသည့် ဌာနေတိုင်းရင်းသားကျေးရွာစုစုပေါင်း ၂၁ ရွာမှာ ပြောင်းရွေ့ ပေးရမည့် စာရင်းတွင် ပါဝင်နေသည်။  ကိန်းဂဏန်းများဖြင့် ဖော်ပြရမည် ဆိုလျှင် ယခုအကောင်အထည်ဖော်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဒေသတည်ဆောက်ရေးလုပ်ငန်းတွင် အီတာလျံထိုင်း ဆောက်လုပ်ရေးကုမ္ပဏီကြီး၊ မက်မြန်မာ ဖက်စပ်ကုမ္ပဏီနှင့် ဒေသအာဏာပိုင်တို့မှ လယ်မြေဧက ၈၀၀၀၊ ရာဘာခြံမြေ ၁၂၀၀၀၊ သီဟိုဠ်ခြံမြေ ၁၄၀၀၀နှင့် အခြားဥယျာဉ်ခြံ မြေဧကစုစုပေါင်း ၁၅၀၀၀၀ ခန့် သိမ်းဆည်းသွားရန် တိုင်းထွားမှုများ ပြုလုပ်ထားပြီးဖြစ်သည်။

ဆုံးဖြတ်ချက်များချမှတ်သည့်အခန်းကဏ္ဍများတွင် ဒေသခံပြည်သူများ ပါဝင်မှုအခွင့်အရေး
၁၊၊         တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့ နယ်အတွင်းရှိ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်သည့် ဧရိယာအတွင်းတည်ရှိနေသောကျေးရွာသားများအနေဖြင့် မိမိတို့အားကျေးရွာမှပြောင်းရွေ့ ထွက်ခွာရန် ဒေသခံအာဏာပိုင်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက လာရောက်အသိပေးမှသာပြောင်းရွေ့ ပေးရမည့် ဖြစ်စဉ်ကိုသိရှိရခြင်း၊ ဒေသခံများအနေဖြင့် စီမံကိန်းတစုံလုံးအပေါ် သိထားရမည့် (သို့) သိထားသင့်သည့် အချက်အလက်များ၊ ဗဟုသုတများကိုလေ့လာနိုင်ရန် အခွင့်အလမ်းလွန်စွာ နည်းပါးခြင်း။
၂၊၊        အာဏာပိုင်တို့မှ စီမံကိန်းကြောင့် ဒေသခံများပြောင်းရွှေ့ ပေးရမည့်ဆိုသည့် ကြိုတင် အသိပေးချက်များ ထုတ်ပြန်ရန် ပျက်ကွက်ခြင်း၊ ပြန်လည်နေရာချထားရေးနှင့် လျော်ကြေးပေးရေးအစီအစဉ်များရေရာစွာမရှိခြင်း။ 
၃၊၊         အီတာလျံထိုင် ဆောက်လုပ်ရေးကုမ္ပဏီကြီးမှမိမိတို့၏ ဒေသတွင်းစီမံကိန်းလျာထားချက်များ၊ လက်ရှိဆောင်ရွက်နေသည့် ဆောက်လုပ်ရေးစီမံကိန်းဆိုင်ရာသိသင့်သိထိုက်သည့်အချက်အလက်များနှင့် ရှေ့ လုပ်ငန်းစဉ်များကိုဌာနေလူထုများအားအသိပေးခြင်း၊ သတင်းမျှဝေမှုခြင်းများ ပြုလုပ်ရန် ပျက်ကွက်ခြင်း။
၎၊၊         စီမံကိန်းအကောင်အထည်ဖော်ရာဒေသအတွင်းရှိ ဌာနေလူထုအများစုအနေဖြင့် စီမံကိန်းကြောင့် သူတို့၏ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအား သိရှိသူ အလွန်ပင် နည်းပါးနေသည်။ အကယ်၍ ပြည်ပအခြေစိုက် စစ်တမ်းကောက်ခံရေးအဖွဲ့အစည်း တခုခု သို့မဟုတ် ကျွမ်းကျင်ပညာရှင်များမှ စီမံကိန်းဒေသရှိ လူမှုနှင့် ဂေဟစနစ် အကျိုးသက်ရောက်မှုများကို အပြည်ပြည်ဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ တိုင်းတာရန်အလို့ငှာ မေးမြန်းခဲ့သော် ဌာနေလူထုများအနေဖြင့် ယင်းအချက်အလက်များကို ပြန်လည်ဖြေဆိုရန်ပင် ခက်ခဲစေနိုင်သည်။

စီမံကိန်းအပေါ် ဌာနေလူထုများသိရှိနိုင်ခွင့် အတိုင်းအတာ
·      ၁၊၊   ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဒေသတည်ဆောက်ရေးလုပ်ငန်းစဉ်များအားလုံးနီးပါးအား အီတာလျံထိုင် ဆောက်လုပ်ရေးကုမ္ပဏီနှင့် အစိုးရအာဏာပိုင်တို့မှ ၂၀၀၈ နှစ်ဦးပိုင်းကတည်းက လှို့ ဝှက်စွာ အကောင်အထည်ဖော်ခဲ့ခြင်းကြောင့် ဒေသခံတို့အနေဖြင့် မိမိတို့၏ကျေးရွာပေါ်တွင် စီမံကိန်းလုပ်ငန်းများကျရောက်နေသည်ကိုပင် စောလျင်စွာ မသိရှိရခြင်း။
·     ၂၊၊    ဌာနေလူထုများအနေဖြင့် မိမိတို့ဒေသတွင်း စီမံကိန်းလျာထားချက်များ၊ ပြင်ဆင်မှုများ စတင်ခဲ့သည့်ကာလတွင်ပင် စီမံကိန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို လုံးဝသိရှိခွင့်မရခဲ့ပေ။ လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရေး တက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများမှ ပညာပေးထုတ်ဝေဖြန့်ချိဖြစ်ခဲ့သော ပညာပေးစာစောင်ငယ်များ၊ ဗွီဒီယိုသတင်းခွေများနှင့် အချို့ ကျေးရွာခေါင်းဆောင်များ၏ အစည်းအဝေးမှ သိရှိလာသည့် သတင်းအချက်အလက်များကို ပြန်လည်မျှဝေမှုတို့မှသာ စီမံကိန်းနှင့် စပ်လျဉ်းသည့် အချက်အလက်များကို နောက်ကျစွာ သိရှိခဲ့ရသည်။
·    ၃၊၊     မည်သည့် အစိုးရအာဏာပိုင်အဖွဲ့အစည်း၊ အီတာလျံထိုင် ဆောက်လုပ်ရေးကုမ္ပဏီ၊ မက်မြန်မာကုမ္ပဏီ နှင့် အခြားလုပ်ကိုင်ခွင့်ရ လုပ်ငန်းရှင်များအနေဖြင့် ဌာနေလူထုများအား ကနဦးတွေ့ဆုံဆွေးနွေးမှုမျိုး၊ ညှိနှိုင်းတိုင်ပင်မှုမျိုးနှင့် ရှင်းလင်းတင်ပြခြင်းမျိုး မရှိခဲ့ပေ။ ဌာနေလူထုတို့အနေဖြင့် စီမံကိန်းလုပ်ငန်းဆိုင်ရာ အချက်အလက်များအား မိမိတို့ဘာသာ ကြိုးစားရှာဖွေခဲ့ရသည်။
·      ၄၊၊   စီမံကိန်းကြောင့် လူနေအိမ်နှင့် ခြံများရွှေ့ ပြောင်းပေရမည့်အခြေအနေတွင် ဌာနေပြည်သူများအနေဖြင့် အီတာလျံထိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ ထိုက်သင့်သည့် လျော်ကြေးငွေများ ရရှိနိုင်သည်ဟုသာ အကြမ်းဖျင်းသိထားပြီး အစိုးရအာဏာပိုင်ဘက်မှ ယင်းလျော်ကြေးငွေကိစ္စကို လုံးဝပြောဆိုခြင်း မရှိချေ။

စိုးရိမ်ဖွယ်အခြေအနေများနှင့် သောကများ ဖြစ်စေခဲ့သည့် အကြောင်းအချက်များ
၁၊၊         ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဒေသ အကောင်အထည်ဖော်ရေးအတွက် အစိုးရအာဏာပိုင်များသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှစ၍ စီမံကိန်းအတွင်း ပါဝင်သည့် အိမ်ခြေများ၊ လယ်ယာနှင့်ဥယျာခြံမြေများ၏ စာရင်းများကို တိုင်းထွာကောက်ယူမှုများပြုလုပ်ခဲ့ခြင်းဖြင့် ဌာနေလူထုအတွင်း သောကမီးကို မွှေးပေးခဲ့သည်။
၂၊၊         စီမံကိန်းအတွင်းပါဝင်သည့် လယ်ယာမြေနှင့် ဥယျာဉ်ခြံပိုင်ရှင်များအနေဖြင့် မိမိတို့၏ ဘိုးဘွားစဉ်ဆက်ပိုင်ဆိုင်လုပ်ကိုင်လာခဲ့သည့် အသက်သွေးကြောမြေယာများ ဆုံးရှုံးရမည့် အန္တရာယ်နှင့် ထိပ်တိုက်ရင်ဆိုင်နေကြရသည်။ မြေယာသိမ်းဆည်းခြင်းများ၏ နောက်ဆက်တွဲတွင် မသေချာ မရေရာသည့် လျော်ကြေးငွေကိစ္စများ၊ အာဏာပိုင်များ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်နိုင်သည့် အနေအထားတို့သည် မြေပိုင်ရှင်ပြည်သူများ၏ စိုးရိမ်သောကရောက်ဖွယ်များအဖြစ် ယနေ့တိုင် ဖြစ်ပေါ်စေလျှက်ရှိသည်။
၃၊၊        စီမံကိန်းကြောင့် အတင်းအဓမ္မနေရာရွေ့ ပြောင်းပေးကြရမည့် ဌာနေလူထုအဖို့ အစားထိုးမြေယာများ ထိုက်တန်စွာ ပြန်လည်ရရှိမှုရှိ/မရှိ၊ နေရာအသစ်တွင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးမှု ရှိ/မရှိနှင့် နေရာသစ်၏ တည်ရှိမှုအခြေအနေနှင့် သဟဇာတဖြစ်မှု မဖြစ်မှုတို့မှာ စိုးရိမ်သောက ရောက်စရာ များဖြစ်နေသည်။
၎၊၊        စီမံကိန်းဒေသတွင်းသို့ နိုင်ငံရပ်ခြားနှင့် ရပ်ဝေးမှ လူမျိုးပေါင်းစုံ လာရောက်အခြေချ လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိသွားခြင်း၏ နောက်ဆက်တွဲတွင် ဒေသခံအမျိုးသမီးများအဖို့ မလိုလားအပ်သည့် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရမှုနှင့်  အခြားသောလူမှုရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှု၏ ဂယက်များကို စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်လျှက်ရှိသည်။
၅၊၊         စီမံကိန်းလုပ်ငန်းများကြောင့် ဒေသအတွင်းအရှိ အဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းအမွေအနှစ်များ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများ၊ လူမျိုးစုများ၏ ဘာသာစကားနှင့် လူမှုဆိုင်ရာအလေ့အထများ ဆိတ်သုဉ်း ပျောက်ဆုံးသွားနိုင်မည့်အရေးကို အထူးစိုရိမ်မှု ဖြစ်နေကြသည်။
၆၊၊         စီမံကိန်းဒေသအတွင်း လူဦးရေ သိပ်သည်း ထူပြောလာနိုင်ပြီး ပကတိထွက်ရှိနေသည့် ဒေသထွက်ကုန်များ၊ စားနပ်ရိက္ခာပမာဏများနှင့် ရှိနေသည့် လူဦးရေအတွက် လုံလောက်နိုင်သည့် ထုတ်လုပ်မှုများ မလုံလောက်မည့်အရေးကို စိုးရိမ်မှုများ ရှိနေသည်။

ဤထားဝယ်ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်ရာ ဒေသများတွင် မှီတင်းနေထိုင်နေကြသည့် ပြည်သူများအဖို့ ယခုကဲ့သို့ ဖြစ်ပေါ်နေသည့် စိုးရိမ်ဖွယ်ရာအခြေအနေများ၊ သောကမီးများမှာ သူတို့အတွက် အသစ်မဟုတ်ပေ။ လွန်ခဲ့သည့် ၁၉၉၅ မှသည် ၁၉၉၈ ခုနှစ်အတွင်း တည်ဆောက်ခဲ့သော ရေး-ထားဝယ်မီးရထားစီမံကိန်း၊ ၁၉၉၉ မှသည် ၂၀၀၃ ခုနှစ်ကာလအထိ အကောင်အထည်ဖော်ခဲ့သော ရတနာနှင့်ရဲတံခွန် သဘာဝဓါတ်ငွေ့စီမံကိန်းများကြောင့် ဖြစ်ပေါ်ခဲ့သည့် ချိုးဖောက်မှုများကို ဒေသခံတို့အနေဖြင့် အကြိမ်ကြိမ် ခါးစည်းခံခဲ့ရသည်။ ယခု စီမံကိန်းတွင်လည်း ယခင်ဖြစ်ပေါ်ခံစားခဲ့ရသော ခါးသီးသည့် အတွေ့အကြုံများအတိုင်း ထပ်မံ ရင်ဆိုင်လာရဦးမည့်အရေးကို စိုးရိမ်ပူပန်နေကြရသည်။

ထားဝယ်စီမံကိန်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှ စီမံကိန်းအားအကောင်အထည်ဖော်နေသည့် အောက်ပါအဖွဲ့အစည်းများထံသို့ အကြံပြုချက်များ

အီတာလျံထိုင်းကုမ္ပဏီနှင့် အခြားလုပ်ငန်းရှင်သို့

  • လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသော စီမံကိန်းနှင့်သက်ဆိုင်သည့် အချက်အလက်အလုံးစုံကို မွန်၊ ကရင်နှင့် ထားဝယ် စသည့် ဌာနေတိုင်းရင်းသားပြည်သူများအား စီမံကိန်း၏ ကောင်းကျိုး ဆိုးပြစ် သတင်းမှန်များဖြင့် စုံလင်စွာ ရှင်းလင်းချပြသွားရန်
  • စီမံကိန်းကျရောက်ရာ ကျေးရွာဒေသအသီးသီးတွင် နေထိုင်နေကြသည့် ပြည်သူများ၏ စီမံကိန်းဖောင်ဆောင်ခြင်းနှင့် စပ်လျဉ်းသည့် ပူပန်မှုများ၊ ရင်တွင်းဖြစ် စကားသံများကို ဂရုတစိုက် နားထောင်ပေးရန်။ (ဖြစ်နိုင်လျှင် အိမ်ထောင်စုအသီးသီး၏ စကားသံများ၊ ထင်မြင်ချက်များကို နားထောင်ပေးရန်)
  • စီမံကိန်းအား အကောင်အထည်မဖော်မီ ဒေသအတွင်းရှိ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများအတွက် တရားဝင် စစ်တမ်းကောက်ယူပေးရန်
  • စစ်တမ်းကောက်မှုခြင်းမှရရှိလာသည့် ရလာဒ်များကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များထံသို့  ပေးပို့ပြီး ၄င်းတို့၏ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန်

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့များသို့ အကြံပြုချက်

  • နိုင်ငံတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ပြည့်စုံလုံလောက်ပြီး သမာသမတ်ကျသည့် ဥပဒေများ မချမှတ်နိုင်မချင်း၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များအား တာဝန်ယူဖြေရှင်းပေးမှု မရှိမချင်း၊ နိုင်ငံရပ်ခြားမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုများကို ကန့်သတ်စိစစ်သွားရန်
  • ကမ္ဘာ့ဘဏ်မှ ပြဌာန်းထားသည့် နိုင်ငံရပ်ခြားရင်းနှီးမြှပ်နှံမှုဆိုင်ရာ ပြဌာန်းချက်များကို အပြည့်အဝလိုက်နာရန်၊ လိုက်နာမှုမရှိသော ထားဝယ်စီမံကိန်းနှင့် သက်ဆိုင်သော မည်သည့် ကုမ္ပဏီ (သို့) လုပ်ငန်းရှင်းများအား ငွေကြေးရန်ပုံငွေဆိုင်ရာ ထောက်ပံ့မှုများ မပြုလုပ်ရန်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်နှင့် အမျိုးသားလွှတ်တော်ထံသို့ အကြံပြုချက်

  • နိုင်ငံတွင်း လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်အရ ဆိုးကျိုးသက်ရောက်စေလာနိုင်သည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများအား ကန့်သတ်စိစစ်နိုင်သည့် ဥပဒေနှင့် လမ်းညွှန်ချက်များ အမြန် ပြဌာန်းပေးရန်။
  • .ထားဝယ်စီမံကိန်း ဒေသတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ ဓလေ့ထုံးတမ်းစဉ်လာနှင့် ဘာသာစကားများ၊ ဒေသခံများ၏ လူနေမှုဘ၀အပေါ်  စီမံကိန်း၏ ဆိုးကျိုးသက်ရောက်မှု ရှိ/မရှိ စစ်ဆေးလေ့လာပြီးသည့်ကာလအထိ ထားဝယ်စီမံကိန်းလုပ်ငန်းများ ဖော်ဆောင်ခြင်းကို ရပ်တန့်ပေးထားရန်။
  • ထားဝယ်ဒေသရှိ မည့်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းနှင့် ရင်းနှီးမြှပ်နှံမှုများတွင်မဆို ဒေသခံပြည်သူများ၏ ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် အခန်းကဏ္ဍများအား သေချာစွာ ဖန်တီးပေးရန် အကြံပြုအပ်ပါသည်။


No comments:

Post a Comment